Enjoy FREE Shipping on all orders of 80,000 kyats and above! see detail.

Blog

ပျားရည်ရဲ့ ကောင်းကျိုး(၁၁) ချက်

ပျားရည်ရဲ့ ကောင်းကျိုး(၁၁) ချက်

ရှေးနှစ်ပေါင်းများစွာကတည်းက ကျွန်တော်တို့ လူသားတွေဟာ ပျားရည်ကို အစာလည်းဆေး၊ဆေးလည်းအစာ ဆိုသလို အသုံးပြုခဲ့ကြပါတယ်။ပျားရည်မှာ ပန်းပင်မျိုးစုံက ကျန်းမာရေးအတွက် အကျိုးရှိတဲ့ ဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။ပျားရည်ရဲ့ ချိုမြတဲ့ အရသာဟာ အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ပျားရည်ကို အစားအစာ ချက်ပြုတ်ရာမှာ မွှေးပျံ့သင်း ကြိုင်နေအောင် အသုံးပြုနိုင်ပြီး ပျားရည်နဲ့ မုန့်အမျိုးမျိုးကို ပြုလုပ်စားသုံးနိုင် ပါသေးတယ်။

ဒါ့အပြင် ပျားရည်ကို အလှအပရေးရာတွေမှာလည်း အသုံးပြုကြပါသေးတယ်။

၁။ပျားရည်ကပေးတဲ့ အာဟာရဓာတ်များ

ပျားရည် ၂၁ ဂရမ်(လက်ဖက်ရည်တဇွန်း)မှာ ကယ်လိုရီ ၆၄၊သကြားဓာတ်(၁၇ ဂရမ်)တွေဖြစ်တဲ့ fructose, glucose, maltose and sucrose တို့ နဲ့ အပင်ကရတဲ့ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။
ပျားရည်မှာ အမျှင်ဓာတ်၊အဆီဓာတ်နဲ့အသားဓာတ်တွေ မပါဝင်ပါဘူး။ပျားရည်မှာ ဘီတာမင်နဲ့ သတ္တုဓာတ် အနည်းငယ်သာ ပါဝင်ပါတယ်။ပျားရည်မှာ ပါတဲ့ ကစီဓာတ်က သဘာဝ ကစီဓါတ် ပင်ရင်း ( Natural source of carbohydrate) ဖြစ်ပါတယ်။လူ့ ခန္ဓာကိုယ် ကို ခွန်အားနဲ့ စွမ်း အင်တွေကို ပေးစေပါတယ် ။ ပျားရည်သောက်ခြင်းအားဖြင့် ကြွက်သားများညောင်းညာခြင်း၊ မောပမ်းနွမ်းနယ်ခြင်းတွေကိုလည်း လျော့နည်းစေပါတယ် ။

ပျားရည်မှာပါတဲ့ သဘာဝ သကြားအချိုအရသာက မောပန်းခြင်းတွေကို ကာကွယ်ပေးနိုင် ပါတယ် ။ ပျားရည်ထဲမှာပါတဲ့ ဂလူးကို့စ်ကို ခန္ဓာကိုယ်က လျှင်မြန်စွာ စုပ်ယူပြီး စွမ်းအင်ကိုတိုး တက်စေပါတယ် ။

၂။ပျားရည်ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ

ပျားရည်ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကို သတ်နိုင် တဲ့ အစွမ်းက အစာအိမ်နဲ့အူလမ်းကြောင်းကို တိုးတက်ကောင်းမွန်စေပြီး ပြင်ပပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ် ။ မနက်စာမစားခင်လေးမှာ ပျားရည် တစ်ဇွန်းနဲ့ lemon တစ်ဇွန်းလောက ရောပြီး ရေနွေးနွေးနဲ့ ဖျော်စပ်သောက်သုံးခြင်းအားဖြင့် ပျားရည် ရဲ့ကောင်းကျိုးတွေကို သိနိုင်ပါတယ် ။

ပျားရည်မှာ phenols, enzymes and compounds like flavonoids and organic acids စတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်တာမို့ နှလုံးရောဂါ၊လေဖြတ်တာနဲ့ ကင်ဆာရောဂါနဲ့ မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားနှုန်းတွေကို လျော့ချပေးနိုင်ပါတယ်။

၃။ဆီးချိုရောဂါနဲ့ ပျားရည်

ဆီးချိုသမားတွေဟာ သကြားအစား ပျားရည်ကို အစားထိုး သုံးစွဲလာကြပါတယ်။လေ့လာမှုတွေအရ ပျားရည်က ဆီးချိုရောဂါသည်တွေမှာ မကောင်းတဲ့ အဆီကို လျော့ချပေးကာ နှလုံးရောဂါမှ ကာကွယ်ပေးပေမဲ့ ဆီးချိုဓာတ်ကိုလည်း တက်စေနိုင်တာမို့ တန်ဆေးလွန်ဘေး ဆိုသလို အသင့်အတင့်သာ သုံးစွဲသင့်ပါတယ်။

၄။ပျားရည်နဲ့ သွေးတိုးရောဂါ

ပျားရည်ကို သွေးတိုးသမားတွေ ပုံမှန်သောက်သင့်ပါတယ်။ ပျားရည်မှာ သွေးမတိုးအောင် ထိန်းညှိပေးတဲ့ ဂုဏ်သတ္တိတွေ ပါရှိပါတယ်။

၅။ပျားရည်နဲ့ သွေးတွင်းအဆီဓာတ်

ပျားရည်ဟာ သွေးတွင်းမှာရှိတဲ့ မကောင်းတဲ့ အဆီဓာတ်တွေကို လျော့ချပြီး ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အဆီဓာတ်တွေကို များစေပါတယ်။

၆။ပျားရည်နဲ့ နှလုံးရောဂါ

ပျားရည်ဟာ သွေးတွင်းမှာရှိတဲ့ triglycerides ကို ချပေးနိုင်ကာ နှလုံးရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

၇။ပျားရည်နဲ့ မီးပူလောင်နာ

တကယ်လို့ ခေတ်ပေါ်ဆေးဝါး အလွယ်တကူ ရှာမရတဲ့အခါ၊ မီးလောင်ဒဏ်ရာနဲ့ အနာတွေပေါ်မှာ ပျားရည်လိမ်းခြင်းအားဖြင့် အနာကို သက်သာစေနိုင်ပါတယ်။။ပျားရည်ဟာ လေထဲက စွတ်စိုထိုင်း မှိုုင်းမှုကို စုပ်ယူနိုင်စွမ်းရှိပြီး အနာကျက်ခြင်းကို အားပေးပါတယ် ။
ပျားရည်မှာပါတဲ့ သဘာဝပိုးသတ်ဆေးက ဘက်တီးရီးယားပိုးမွှားတွေကို တွန်းလှန်ပေးပြီး ဒဏ်ရာနဲ့အနာတွေကို အမြန်ကျက်စေပါတယ်။ပျားရည်ဟာ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ရုံတင်မကပဲ အနာ ကျက်မြန်ခြင်းကို ဖြစ်ပေါ်စေခြင်း ၊ အမာရွတ်ဖြစ်ခြင်းနှင့်
ရောင်ရမ်းခြင်းများကို လျော့နည်းစေခြင်း စတဲ့အချက်တွေ ရရှိပါတယ်။

၈။ပျားရည်နဲ့ ချောင်းဆိုးခြင်း

ပျားရည်ဟာ ချောင်းဆိုးခြင်းကို သက်သာစေတာမို့ တနှစ်အထက် မည်သူမဆို ချောင်းဆိုးလာရင် သောက်သုံးနိုင်ပါတယ်။ ပျားရည်က လည်ချောင်းတစ်ဝိုက်ကို အကာအကွယ်ပေးပြီး ချောင်းဆိုးတဲ့ဖြစ်စဉ်ကို လျော့ကျစေပါတယ်။ ပျားရည်အနည်းငယ်ကို သံပရာရည်နဲ့ရောပြီး ရေနွေးထဲထည့်ကာ သောက်ပေးရမှာပါ။ အာသီးရောင်ချောင်းဆိုးခြင်းကိုလည်း ပျားရည်က သက်သာစေပါတယ်။

၉။ပျားရည်နဲ့ အစာအိမ်၊ဝမ်းရောဂါများ

ပျားရည်က ရင်ပူတဲ့ဝေဒနာလက္ခဏာတွေကို လျော့ပါးသက်သာစေပါတယ်။ ပျားရည်က အစာရေမျိုပြွန်နံရံကို အကာအကွယ်ပေးတဲ့အတွက် မအီမသာဝေဒနာကို သက်သာစေပါတယ်။ ပျားရည်မှာ အူလမ်းကြောင်းအကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့အတွက် အစာကြေညက်စေပြီး အာဟာရဓာတ် စုပ်ယူမှုကို အားကောင်းစေပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ အစာမကြေခြင်း ၊ အစာအိမ်အနာများနဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း ( GE) ကိုပါ ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။

၁၀။ပျားရည်နဲ့ အိပ်မပျော်ခြင်း

ပျားရည်သောက်ရင် ခန္ဓာကိုယ်ကနေ ဖြစ်စဉ်တစ်ခုဖြစ်ကာ မယ်လတိုနင်ထွက်စေပြီး အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ ပျားရည်သောက်တာကြောင့် အိပ်စက်မှုအရည်အသွေးကို ကောင်းမွန်စေပြီး အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။ နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရောစပ်ပြီး အအေးခံ သောက်သုံးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

၁၁။ပျားရည်နဲ့ အရက်သမား

ပျားရည်ဟာ အစာအိမ်ကို သိမ်မွေ့စေပြီး fructose ပါဝင်တဲ့အတွက် အသည်းကနေ အရက်ကို oxidation ဖြစ်စေတဲ့အရှိန်ကို မြင့်တက်စေပါတယ် ။ ပျားရည်နဲ့ သံပုရာရည်ကိုရောစပ် သောက်သုံးခြင်းအားဖြင့် အရက်နာကျခြင်းကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့် အစာလည်းဆေး၊ဆေးလည်း အစာ ဆိုသလို မိတ်ဆွေရဲ့ နေ့စဉ်အစားအစာထဲမှာ ပျားရည်ကို ထည့်သွင်းစားသောက်ဖို့ အကြံပြုလိုက်ပါတယ်။

Credit: ဟမ်စိုင်း(ဆေး-မန်း)

Sidebar
Start typing to see products you are looking for.