Blog
သွေးတိုးသမားအတွက် ဓါတ်စာ သစ်ကြားသီး
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Yun Sandi Nan Mon
သစ်ကြားသီးကို အခုနောက်ပိုင်းအတော်စားသုံးလာကြပါတယ်။ မားကတ်တွေမှာလည်းရနိုင်သလို အွန်လိုင်းကနေလည်း မှာယူစားသုံးကြပါတယ်။ သူ့ရဲ့ကျန်းမာရေးအာနိသင်တွေကိုသိတာထက် ကြိုက်နှစ်သက်လို့စားကြတာများပါတယ်။ လူကြီးတွေရော၊ကလေးတွေအတွက်ပါ သရေစာတစ်ခုအဖြစ် သဘောကျကြတာပါ။
အကျိုးပြုအဆီတွေပါဝင်တဲ့ အစေ့အဆန်တွေက နှလုံးကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာသိထားပြီးဖြစ်ပါတယ်။ဒီတစ်ခါသုတေသနတွေ့ရှိချက်မှာတော့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေဟာ အဆီနည်းတဲ့စားသောက်မှုပုံစံနဲ့စားသောက်ပြီး သစ်ကြားသီးကိုတွဲဖက်စားသုံးမယ်ဆိုရင်သွေးတိုးကျစေနိုင်တယ်လို့ ဆိုပါတယ်။
သုတေသီတွေက အသက် ၃၀- ၆၅ ကြားအရွယ်ရှိတဲ့ ကိုယ်အလေးချိန်များနေသူတွေနဲ့ အဝလွန်နေသူ ၄၅ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ ပါဝင်သူအားလုံးကိုလေ့လာမှုမစခင် နှစ်ပတ်အလိုမှာပြင်ဆင်ချိန် Diet planနဲ့ စားသောက်စေခဲ့ပါတယ်။ ဒီအစီအစဉ်မှာ အားလုံးကို တသမတ်တည်းဖြစ်စေဖို့ ချိန်ညှိတဲ့အနေနဲ့ ကြိုတင်လိုက်နာစေတာဖြစ်ပါတယ်။ သူတို့မှာပြည့်ဝဆီစားသုံးမှုပမာဏ နည်းနေတဲ့အခါမှ သုံးဖွဲ့ခွဲပြီးအောက်ပါအတိုင်း ၆ ပတ်ကြာ စားသုံးစေပါတယ်။
• သစ်ကြားသီးပါဝင်တဲ့ စားသောက်ပုံ
• သစ်ကြားသီးမပါပေမယ့် သူ့မှာပါတဲ့omega-3 အဆီဓါတ် alpha-linolenic acid (ALA) နဲ့polyunsaturated fatty acids တူညီတဲ့ပမာဏပါတဲ့ စားသောက်ပုံ
• သစ်ကြားသီးမပါပေမယ့်omega-3 အဆီဓါတ် alpha-linolenic acid (ALA) နဲ့omega-6 fatty acid (linoleic acid) တူညီတဲ့ပမာဏ ပါတဲ့စားသောက်ပုံ တို့ဖြစ်ပါတယ်။
သစ်ကြားသီးနဲ့ သွေးဖိအားအတက်အကျ ဆက်နွှယ်မှု
ဒီကာလပြီးဆုံးတဲ့အခါ နှလုံးသွေးကြောရောဂါအန္တရာယ်ရှိနေတဲ့ ပါဝင်သူတွေအားလုံးကိုဆေးစစ်လေ့လာတဲ့အခါ အုပ်စုသုံးခုလုံးကသူတွေမှာ နှလုံးကျန်းမာရေးက အတိုင်းအတာတစ်ခုအထိ အရင်ထက်ပိုကောင်းလာတာတွေ့ရပါတယ်။
ပြည့်ဝဆီကိုရှောင်ပြီး သစ်ကြားသီးကဖြစ်စေ၊ ဟင်းသီးဟင်းရွက်ဆီတွေကဖြစ်စေ မပြည့်ဝဆီနဲ့အစားထိုးတာက နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေရရှိစေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။
ဒါပေမယ့် သစ်ကြားသီးချည်းပဲစားသုံးခဲ့တဲ့အုပ်စုကတော့ တခြားအုပ်စုတွေထက် ပိုပြီး သွေးဖိအားကျတာတွေ့ရပါတယ်။
“ သစ်ကြားသီးစားတဲ့သူတွေက သစ်ကြားသီးမှာပါတဲ့အလားတူ fatty acids တွေစားခဲ့ကြတဲ့သူတွေထက် အကျိုးကျေးဇူးပိုများနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် သူ့မှာပါတဲ့ အကျိုးပြုအဆီဓါတ်ဆိုတာထက်ပိုတဲ့ ဇီဝဒြပ်ပေါင်းတွေကြောင့် သစ်ကြားသီးစားတာက အကျိုးပိုများနေတာဖြစ်နိုင်တယ်။ ဥပမာ အမျှင်ဓါတ်လိုမျိုးပေါ့။ ဒါ့ကြောင့် fatty acids တွေဖြည့်ဆည်းရုံနဲ့ မတူညီနိုင်တာ” လို့ ဦးဆောင်သုတေသီProf. Penny Kris-Etherton ကပြောပါတယ်။
Pennsylvania State University သုတေသီတွေရဲ့ ဒီလေ့လာမှုကိုJournal of the American Heart Associationဂျာနယ်မှာဖော်ပြခဲ့ပါတယ်။
သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့ခေါ်တဲ့ အပင်ထွက်omega-3 ပါဝင်လို့သွေးဖိအားအပေါ်အကျိုးပြုသက်ရောက်မှုရှိစေတယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။
ဒါပေမယ့် သစ်ကြားသီးရဲ့ ALA က နှလုံးကျန်းမာရေးကိုပိုကောင်းစေတာလား၊ ဒါမှမဟုတ်polyphenols လို သစ်ကြားသီးရဲ့တခြားပါဝင်ပစ္စည်းတွေကပဲ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေမှာသွေးတိုးကိုထိန်းပေးနိုင်တာလား ဆိုတာ သုတေသီတွေကလေ့လာအဖြေထုတ်ဖို့ ဆက်လက်လေ့လာနေကြတာဖြစ်ပါတယ်။
Credit: Hello Health Group