Green Tea ကို ဘယ်လောက်သောက်သင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr.Thant Zin

Green Tea ဟာ ရုက္ခဗေဒအမည် Camellia sinensis လို့ဆိုတဲ့ လက်ဖက်ပင်ရဲ့ အရွက်ကနေ ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ Oo Long Tea နဲ့ black tea ဆိုတာတွေလည်း လက်ဖက်ရွက်ကနေပဲ ထုတ်လုပ်ထားပြီး ပြုလုပ်တဲ့အဆင့်ပဲ ကွာခြားသွားခြင်း ဖြစ်ပါတယ်။ မြန်မာလူမျိုးများ သောက်သုံးတဲ့ လက်ဖက်ရည်ကြမ်းနဲ့လည်း သဘောတရားအတူတူပဲ ဖြစ်ပါတယ်။ Green tea ကိုတော့ လက်ဖက်စိမ်း လက်ဖက်ရည်လို့လည်း ညွှန်းကြပါတယ်။

Green Tea သောက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာ အားလုံးသိပြီးကြပြီး ဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိခြင်း၊ ကိုလက်စထရောကို လျှော့ချပေးခြင်း၊ ဆီးချိုကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ဒါဆိုရင် နေ့စဉ် လက်ဖက်ရည်ကြမ်း Green Tea ကို များများသောက်နိုင်လေ၊ ပိုကောင်းလေလား။

ဒီနေရာမှာ စဉ်းစားဖို့က ဘယ်နေရာမှာမဆို တန်ဆေး လွန်ဘေး ဆိုတဲ့သဘောတရား ရှိနေတယ်ဆိုတာပါပဲ။

လက်ဖက်ရည်ကြမ်း Green Tea သောက်သုံးခြင်းဟာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလား
လက်ဖက်ရည်ကြမ်း Green Tea သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို အတော်များများ ကြားသိဖူးကြလို့ ဒီဆောင်းပါးမှာတော့ ထပ်ပြီး မဖော်ပြတော့ပါဘူး။ Green Tea ကြောင့်ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုး အချို့ကိုပဲ ဖော်ပြပေးသွားလိုပါတယ်။

သံဓါတ်စုပ်ယူမှု လျော့ကျစေခြင်း

Green tea မှာပါဝင်တဲ့ တန်နင်ဆိုတဲ့ ဓါတ်ပစ္စည်းဟာ သင့်ကိုယ်ခန္ဓါကနေ သံဓါတ်စုပ်ယူမှုကို လျော့နည်းစေပါတယ်။ တော်သင့်ရုံသောက်သုံးခြင်းဟာ ပြသနာမရှိပေမယ့် စွဲစွဲမြဲမြဲသောက်သုံးနေသူများ အနေနဲ့ သတိချပ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါရှိသူတွေ၊ သက်သတ်လွတ်စားသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဓမ္မတာကာလကြုံနေသူ အမျိုးသမီးတွေ၊ ကလေးငယ်တွေဟာ green tea ကို အထူးသတိပြုသောက်သုံးသင့်ပါတယ်။

သုတေသနအချို့အရ ထမင်းစားနေတုန်း လက်ဖက်ရည်ကြမ်း သောက်သုံးတာက သံဓါတ်စုပ်ယူမှုကို ၃၀-၆၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။

ဒါကြောင့် သံဓါတ်အခံ အားနည်းသူများ၊ သွေးအားနည်းသူများဟာ ထမင်းစားနေစဉ်မှာ လက်ဖက်ရည်ကြမ်း မသောက်သုံးသင့်ပါဘူး။ အစာစားပြီး တစ်နာရီလောက်ခြားပြီးမှ လက်ဖက်ရည်ကြမ်း သောက်သင့်တယ်လို့ ဆိုပါတယ်။ အပြန်အလှန်ဆိုရရင် လက်ဖက်ရည်ကြမ်းသောက်ထားချိန်မှာလည်း တစ်နာရီလောက်နေပြီးမှ ထမင်းစားသင့်တယ်လို့ ဆိုပါတယ်။

ကဖိန်း၏ အကျိုးသက်ရောက်မှု

Greent tea မှာလည်း ကဖိန်းဓါတ်ပါဝင်တာမို့ လွန်ကဲစွာသောက်သုံးရင် စိတ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း စတဲ့ဝေဒနာတွေ ဖြစ်ပေါ်လာတတ်တယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကဖိန်းဓါတ်အများအပြား သောက်သုံးမိရင် ကလေးမှာမွေးရာချို့ယွင်းချက် ဖြစ်ပေါ်နိုင်ခြေ၊ ကလေးပျက်ကျနိုင်ခြေ မြင့်စေတယ်လို့ ဆိုပါတယ်။ သုတေသနတွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တစ်နေ့ကို ကဖိန်းဓါတ် ၃၀၀ မီလီဂရမ်အထက် မကျော်လွန်သင့်ဘူးလို့ ဆိုပါတယ်။

Green tea တစ်ခွက်မှာတော့ ပျမ်းမျှအားဖြင့် ကဖိန်းဓါတ် ၂၀နဲ့ ၄၀ မီလီဂရမ်အကြား ပါဝင်တယ်လို့ သိရပါတယ်။

တစ်နေ့ကို ဘယ်လောက်သောက်သုံးသင့်သလဲ

ဖော်ပြခဲ့ပြီးတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ လွန်ကဲစွာ သောက်သုံးမှသာ ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နှုန်းထားလောက်ကို သောက်သုံးသင့်သလဲဆိုတာ သိထားသင့်ပါတယ်။

သုတေသနတွေအရ တစ်နေ့တာသောက်သုံးသင့်တဲ့ green tea ပမာဏကတော့ ၃ခွက်ကနေ ၅ခွက်အထိ ဖြစ်ပါတယ်။ များသောအားဖြင့် Green tea သောက်သုံးခြင်းကြောင့် ရရှိတဲ့ အကျိုးကျေးဇူးဟာ ဆိုးကျိုးတွေထက်စာရင် အလွန်များပြားပါတယ်။ ဒါပေမယ့် ဘယ်နေရာမဆို တန်ဆေး လွန်ဘေးဆိုတဲ့ စကားရပ်ကို အမှတ်ရသင့်ပါတယ်။

Green tea ကို သင့်တင့်မျှတစွာ သောက်သုံးခြင်းဖြင့် မိမိကျန်းမာရေးကို မြှင့်တင်ကြပါစို့။

Credit: Hello Health Group

သီဟိုဠ်စေ့ကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး  ၉ ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar | ရေးသားသူ Yun Sandi Nan Mon

သီဟိုဠ်စေ့က နှလုံးကျန်းမာရေး၊ အာရုံကြောကျန်းမာရေး၊ ကြွက်သားလုပ်ဆောင်ချက်ကောင်းမွန်စေခြင်း၊တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်သွေးအားနည်းခြင်း၊ ဆီးချိုရောဂါတို့လိုရောဂါအခြေအနေတွေကိုပါ သက်သာလျော့ပါးစေနိုင်တဲ့ အစေ့အဆံတစ်မျိုးဖြစ်ပါ တယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်လည်းသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို ကူညီပေးပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။

သီဟိုဠ်စေ့ရဲ့အာဟာရတန်ဖိုး

သီဟိုဠ်စေ့မှာ အာဟာရဓါတ်ပြည့်ဝတဲ့အပြင်ကော့ပါး၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ပိုတက်စီယမ်နဲ့ဇင့်အပါအဝင် သတ္ထုဓါတ်တွေနဲ့ ပရိုတင်းတွေပါဝင်ပါတယ်။ သူ့မှာ ဗီတာမင်C ၊B1(thiamin)၊ B2(riboflavin) ၊B3(niacin)၊B6၊ folate ၊ ဗီတာမင် E(alpha-tocopherol) နဲ့ ဗီတာမင် K(phylloquinone) တို့ပါဝင်တဲ့အပြင် သင့်တင့်စွာ စားသုံးမယ်ဆိုရင် monounsaturated အဆီတွေနဲ့polyunsaturated အဆီတွေ၊ အကျိုးပြုကိုလက်စထရောတွေကိုကောင်းမွန်စွာထိန်းသိမ်းနိုင်ပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

သီဟိုဠ်စေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ –

(၁) နှလုံးရောဂါကာကွယ်ပေးခြင်း

သီဟိုဠ်စေ့ဟာ အဆီမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် A ၊ D၊E ၊ K တို့ကို စုပ်ယူနိုင် ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့ခြင်းတို့အတွက် အရေးပါတဲ့ အကျိုးပြုအဆီတွေ၊ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့သွေးခဲပိတ်ဆို့မှုအတွက် အဓိကကျတဲ့ အဆီအက်စစ်တွေပါဝင်ပါတယ်။ စားသုံးပုံမှန်ကန် မယ်ဆိုရင် ဒီအဆီဓါတ်တွေက ဆိုးကျိုးပေးတဲ့ကိုလက်စထရော(LDL cholesterol)တွေကိုလျှော့ချပေးနိုင်ပြီး နှလုံးအတွက် အကျိုးပြုပါတယ်။

(၂) ကြွက်သားနဲ့အာရုံကြောအားကောင်းစေခြင်း

သီဟိုဠ်စေ့တွေမှာ အရိုး၊ကြွက်သား၊တစ်ရှူးနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ မဂ္ဂနီဆီယမ်ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ကသွေးဖိအားကိုထိန်းညှိပေးပြီး ကိုယ်ခံအားကောင်းစေ၊ အာရုံကြောလုပ်ဆောင်ချက်ကောင်းစေတဲ့အပြင် အရိုးကို သန်မာစေပါတယ်။ အင်ဆူလင်လုပ်ဆောင်ချက်ကိုလည်း ထိန်းညှိပေးပြီးသွေးတွင်းသကြားဓါတ်ကို မှန်ကန်စေတယ်လို့ ဆိုပါတယ်။

(၃) ဆီးချိုသွေးချိုအန္တရာယ်လျော့နည်းစေခြင်း

သကြားဓါတ်နဲ့ မကောင်းတဲ့ကိုလက်စထရောပါဝင်မှု နည်းပါးလွန်းခြင်းကြောင့် ဆီးချိုဝေဒနာသည်တွေအတွက်ဘေးဥပါဒ်ကင်းပါတယ်။ ရောဂါမရှိသေးသူတွေမှာလည်း အမျိုးအစား ၂ ဆီးချိုေရာဂါဖြစ်လာနိုင်တဲ့အန္တရာယ်လည်းနည်းပါးစေတယ်လို့ သိရပါတယ်။

(၄) ကင်ဆာဆေးတွေပိုထိရောက်စေခြင်း

သီဟိုဠ်စေ့မှာပါဝင်တဲ့anacardic acids၊ cardanols နဲ့ cardols တို့လို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝမှုကြောင့် အကျိတ်နဲ့ ကင်ဆာတို့အတွက် ကုသမှုခံယူနေဆဲ လူနာတွေအတွက် ထိရောက်မှုရှိစေတယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။

(၅) သွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးခြင်း

သီဟိုဠ်စေ့မှာ သံဓါတ်ရဲ့ဇီဝဖြစ်စဉ်အတွက် အထောက်အကူပေးတဲ့ ကော့ပါးဓါတ်ကြွယ်ဝပြီးသွေးနီဥဆဲလ်ဖြစ်ပေါ်မှုကို အားပေးကာ အရိုးနဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အာရုံကြောစနစ်နဲ့ကျောရိုးစနစ်အတွက်လည်း အရေးပါပါတယ်။ကော့ပါးဓါတ်ချို့တဲ့ရင် အရိုးပွရောဂါ၊ နှလုံးခုန်မမှန်တာ၊သွေးအားနည်းရောဂါတွေဖြစ်စေတတ်ပါတယ်။

(၆) အရိုးနဲ့ ခံတွင်းကျန်းမာရေးကောင်းစေခြင်း

အရိုးနဲ့သွား ဖွံ့ဖြိုးမှုကျန်းမာရေးအတွက်လည်း အရေးပါတဲ့ phosphorous ဓါတ်ပါဝင်တာကြောင့်လည်း ပရိုတင်းချက်လုပ်မှုကို အထောက်အကူပေးပြီး ကာဗိုဟိုက်ဒရိတ်၊ အဆီဓါတ်တွေစုပ်ယူခြင်းနဲ့ ကလာပ်စည်းများရဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်။

(၇) သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း

သီဟိုဠ်စေ့တွေမှာ ခန္ဓါကိုယ်အနှံ့ အောက်ဆီဂျင်ပို့ဆောင်ရာမှာ အရေးပါတဲ့ သံဓါတ်ကြွယ်ဝပြီး အင်ဇိုင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပါတယ်။ သံဓါတ်ချို့တဲ့ရင်မောပန်းနွမ်းနယ်ခြင်း၊သွေးအားနည်းခြင်းတွေဖြစ်စေနိုင်ပြီးရောဂါကူးစက်မှုတွေ ဝင်ရောက်နိုင်ဖို့လွယ်ကူစေပါတယ်။

(၈) သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးခြင်း

သည်းခြေကျောက်ဆိုတာ သည်းခြေအတွင်း စုပုံလာတဲ့ ကိုလက်စထရောအပါအဝင်ကျောက်ခဲလိုလိုအနယ်အနှစ်တွေဖြစ်ပါတယ်။ သီဟိုဠ်စေ့လို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစေ့အဆံတွေကို မကြာခဏစားသုံးပေးရင် သည်းခြေကျောက်တည်နိုင်တဲ့ အန္တရာယ် နည်းပါးစေမှာဖြစ်ပါတယ်။

(၉) ကိုယ်ခံအားကောင်းစေခြင်း

ရောဂါပိုးမွှားတွေရဲ့ ရန်ကနေ ကိုယ်ခံအားစနစ်ရဲ့ခုခံကာကွယ်နိုင်စွမ်းကိုထောက်ကူပေးပြီး ပရိုတင်းချက်လုပ်မှုနဲ့ အနာကျက်မြန်ခြင်းအတွက် အရေးပါတဲ့ ဇင့် ဓါတ်က သီဟိုဠ်စေ့မှာ ပါရှိပါတယ်။ ဒီဓါတ်က ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားဖွံ့ဖြိုးမှုအတွက်လည်း အရေးပါသလို ကလေးငယ်ရဲ့ဖွံ့ဖြိုးစအသက်အရွယ်အပိုင်းအခြားတွေမှာလည်း ခန္ဓါကိုယ်အနေအထားတည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေပါတယ်။

(၁၀) အဆီပါဝင်မှု

သီဟိုဠ်စေ့မှာ ဗီတာမင်နဲ့ အာဟာရတွေအများကြီးပါဝင်တယ်ဆိုပေမယ့် အဆီဓါတ်ကလည်း များပါတယ်။ ဒါပေမယ့် ဒီအဆီတွေဟာလည်း အများစုက မပြည့်ဝဆီတွေနဲ့ အကျိုးပြုအဆီတွေဖြစ်ပါတယ်။

သီဟိုဠ်စေ့ရဲ့ဘေးထွက်ဆိုးကျိုး

ကျောက်ကပ်ကျောက်တည်ခြင်း –သီဟိုဠ်စေ့မှာ ခန္ဓါကိုယ်အတွင်း ကယ်လ်စီယမ်စုပ်ယူမှုကိုအနှောင့်အယှက်ဖြစ်စေတဲ့oxalate saltsတွေပါဝင်ပါတယ်။ ကယ်လ်စီယမ်တွေကို မစုပ်ယူနိုင်ဘဲ စုပုံသွားရင်ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ ဒါ့ကြောင့်ကျောက်ကပ်မကောင်းတဲ့သူတွေမှာ သီဟိုဠ်စေ့ကို နည်းနည်းသာချင့်ချိန်စားသင့်ပါတယ်။

ဓါတ်မတည့်ခြင်း –ကျန်းမာရေးအကျိုးကျေးဇူးတွေများပေမယ့် အစေ့အဆံတွေနဲ့ဓါတ်မတည့်သူတွေအတွက်ကတော့ အန္တရာယ်ရှိနိုင်ပါတယ်။ သီဟိုဠ်စေ့နဲ့ သစ်ကြားသီးတို့လို အစေ့အဆံတွေကို ဓါတ်မတည့်မှုဟာ အနည်းအကျဉ်းဖြစ်ရင်ဖြစ်နိုင်သလိုပြင်းထန်တာလည်း ရှိနိုင်ပါတယ်။ အများအားဖြင့်တော့အောက်ပါနောက်ဆက်တွဲပြဿနာတွေ ရှိလာစေနိုင်ပါတယ် –

• အစာအိမ်နဲ့အူလမ်းကြောင်း ပြဿနာများ– တချို့မှာ မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ချောင်းဆိုးခြင်း၊အော့အန်ခြင်း တို့ခံစားရတတ်ပါတယ်။
• အသက်ရှူလမ်းကြောင်းပြဿနာ– နှာရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းတို့ ဖြစ်နိုင်ပါတယ်။
ဒီထက်ပိုပြီးပြင်းထန်လာရင်တော့glottisedemaဒါမှမဟုတ် anaphylaxis လို့ခေါ်တဲ့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်တဲ့ အခြေအနေမျိုးကိုရောက်သွားနိုင်ပါတယ်။

Credit: Hello Health Group

သွေးတိုးသမားအတွက် ဓါတ်စာ သစ်ကြားသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Yun Sandi Nan Mon

သစ်ကြားသီးကို အခုနောက်ပိုင်းအတော်စားသုံးလာကြပါတယ်။ မားကတ်တွေမှာလည်းရနိုင်သလို အွန်လိုင်းကနေလည်း မှာယူစားသုံးကြပါတယ်။ သူ့ရဲ့ကျန်းမာရေးအာနိသင်တွေကိုသိတာထက် ကြိုက်နှစ်သက်လို့စားကြတာများပါတယ်။ လူကြီးတွေရော၊ကလေးတွေအတွက်ပါ သရေစာတစ်ခုအဖြစ် သဘောကျကြတာပါ။

အကျိုးပြုအဆီတွေပါဝင်တဲ့ အစေ့အဆန်တွေက နှလုံးကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာသိထားပြီးဖြစ်ပါတယ်။ဒီတစ်ခါသုတေသနတွေ့ရှိချက်မှာတော့ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေဟာ အဆီနည်းတဲ့စားသောက်မှုပုံစံနဲ့စားသောက်ပြီး သစ်ကြားသီးကိုတွဲဖက်စားသုံးမယ်ဆိုရင်သွေးတိုးကျစေနိုင်တယ်လို့ ဆိုပါတယ်။

walnut

သုတေသီတွေက အသက် ၃၀- ၆၅ ကြားအရွယ်ရှိတဲ့ ကိုယ်အလေးချိန်များနေသူတွေနဲ့ အဝလွန်နေသူ ၄၅ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ ပါဝင်သူအားလုံးကိုလေ့လာမှုမစခင် နှစ်ပတ်အလိုမှာပြင်ဆင်ချိန် Diet planနဲ့ စားသောက်စေခဲ့ပါတယ်။ ဒီအစီအစဉ်မှာ အားလုံးကို တသမတ်တည်းဖြစ်စေဖို့ ချိန်ညှိတဲ့အနေနဲ့ ကြိုတင်လိုက်နာစေတာဖြစ်ပါတယ်။ သူတို့မှာပြည့်ဝဆီစားသုံးမှုပမာဏ နည်းနေတဲ့အခါမှ သုံးဖွဲ့ခွဲပြီးအောက်ပါအတိုင်း ၆ ပတ်ကြာ စားသုံးစေပါတယ်။

• သစ်ကြားသီးပါဝင်တဲ့ စားသောက်ပုံ
• သစ်ကြားသီးမပါပေမယ့် သူ့မှာပါတဲ့omega-3 အဆီဓါတ် alpha-linolenic acid (ALA) နဲ့polyunsaturated fatty acids တူညီတဲ့ပမာဏပါတဲ့ စားသောက်ပုံ
• သစ်ကြားသီးမပါပေမယ့်omega-3 အဆီဓါတ် alpha-linolenic acid (ALA) နဲ့omega-6 fatty acid (linoleic acid) တူညီတဲ့ပမာဏ ပါတဲ့စားသောက်ပုံ တို့ဖြစ်ပါတယ်။

သစ်ကြားသီးနဲ့ သွေးဖိအားအတက်အကျ ဆက်နွှယ်မှု

ဒီကာလပြီးဆုံးတဲ့အခါ နှလုံးသွေးကြောရောဂါအန္တရာယ်ရှိနေတဲ့ ပါဝင်သူတွေအားလုံးကိုဆေးစစ်လေ့လာတဲ့အခါ အုပ်စုသုံးခုလုံးကသူတွေမှာ နှလုံးကျန်းမာရေးက အတိုင်းအတာတစ်ခုအထိ အရင်ထက်ပိုကောင်းလာတာတွေ့ရပါတယ်။
ပြည့်ဝဆီကိုရှောင်ပြီး သစ်ကြားသီးကဖြစ်စေ၊ ဟင်းသီးဟင်းရွက်ဆီတွေကဖြစ်စေ မပြည့်ဝဆီနဲ့အစားထိုးတာက နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ အကျိုးကျေးဇူးတွေရရှိစေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။

ဒါပေမယ့် သစ်ကြားသီးချည်းပဲစားသုံးခဲ့တဲ့အုပ်စုကတော့ တခြားအုပ်စုတွေထက် ပိုပြီး သွေးဖိအားကျတာတွေ့ရပါတယ်။

“ သစ်ကြားသီးစားတဲ့သူတွေက သစ်ကြားသီးမှာပါတဲ့အလားတူ fatty acids တွေစားခဲ့ကြတဲ့သူတွေထက် အကျိုးကျေးဇူးပိုများနေတာတွေ့ရပါတယ်။ ဒါ့ကြောင့် သူ့မှာပါတဲ့ အကျိုးပြုအဆီဓါတ်ဆိုတာထက်ပိုတဲ့ ဇီဝဒြပ်ပေါင်းတွေကြောင့် သစ်ကြားသီးစားတာက အကျိုးပိုများနေတာဖြစ်နိုင်တယ်။ ဥပမာ အမျှင်ဓါတ်လိုမျိုးပေါ့။ ဒါ့ကြောင့် fatty acids တွေဖြည့်ဆည်းရုံနဲ့ မတူညီနိုင်တာ” လို့ ဦးဆောင်သုတေသီProf. Penny Kris-Etherton ကပြောပါတယ်။

Pennsylvania State University သုတေသီတွေရဲ့ ဒီလေ့လာမှုကိုJournal of the American Heart Associationဂျာနယ်မှာဖော်ပြခဲ့ပါတယ်။

သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့ခေါ်တဲ့ အပင်ထွက်omega-3 ပါဝင်လို့သွေးဖိအားအပေါ်အကျိုးပြုသက်ရောက်မှုရှိစေတယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

ဒါပေမယ့် သစ်ကြားသီးရဲ့ ALA က နှလုံးကျန်းမာရေးကိုပိုကောင်းစေတာလား၊ ဒါမှမဟုတ်polyphenols လို သစ်ကြားသီးရဲ့တခြားပါဝင်ပစ္စည်းတွေကပဲ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေရှိတဲ့သူတွေမှာသွေးတိုးကိုထိန်းပေးနိုင်တာလား ဆိုတာ သုတေသီတွေကလေ့လာအဖြေထုတ်ဖို့ ဆက်လက်လေ့လာနေကြတာဖြစ်ပါတယ်။

Credit: Hello Health Group

လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Htet Htet Zaw Win

ဆိုလိုတာက ရေနွေးထဲမှာ လက်ဖက်ခြောက် ခတ်သောက်တယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ခုခေတ်မှာ ဟိုအရွက်ခြောက်လေးတွေ၊ ဒီအရွက်ခြောက်လေးတွေ ခတ်သောက်တတ်ကြတော့ ဘယ်လိုအရွက်က ဘယ်လို အာနိသင်ရှိလဲ။ တွေ့တဲ့ အရွက်လေးတွေ၊ ခြံထဲမှာ စိုက်ထားတဲ့ အရွက်လေးတွေ သောက်မယ့်အတူတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ herbal teaလေးတွေ သောက်တာက ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။ ဆက်ပြီးတော့ ဘယ်လိုherbal teaလေးတွေက ဘယ်လိုအကျိုးကျေးဇူးပေးနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။

• ချာမိုမိုင်း လက်ဖက်ရည်ကြမ်း

ချာမိုမိုင်း လက်ဖက်ရည်က စိတ်ကို တည်ငြိမ်စေတဲ့နေရာမှာ နာမည်ကြီးတဲ့အတွက် အိပ်မပျော်တဲ့သူတွေ လက်စွဲပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေမှာ မီးနေသည်၈၀ကို ချာမိုမိုင်းလက်ဖက်ရည်ကြမ်း ၂ပတ်လောက်တိုက်လိုက်တဲ့အခါ ကောင်းကောင်းအိပ်ပျော်ပြီး စိတ်ကျတာတွေလည်း သက်သာပါတယ်တဲ့။

ချာမိုမိုင်းဟာ အိပ်ပျော်စေရုံသာမက ရောင်ရမ်းသာကို သက်သာစေပြီး ပိုးသေစေတဲ့ သတ္တိရှိတာကို တွေ့ရပါတယ်။ အသည်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။ လေ့လာချက်တစ်ခုမှာ ချာမိုမိုင်း လက်ဖက်ရည်ကြမ်းကို သောက်ပေးတာက ရာသီမလာခင် ခံစားရတာတွေကို သက်သာစေပြီး နောက်ထပ်လေ့လာချက်တွေအရ ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပါတယ်။
နောက်ထပ်လေ့လာမှုတွေ လိုအပ်သေးပေမယ့် ချာမိုမိုင်းက ကျန်းမာရေးအတွက် သင့်တော်တာတော့ အမှန်ပါပဲ။

• ပင်စိမ်း လက်ဖက်ရည်ကြမ်း

ပင်စိမ်းရွက်ကို တော်တော်များများက လက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါတယ်။ အဓိကကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ကျန်းမာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ သောက်ကြပေမယ့် သူ့မှာ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေ၊ ကင်ဆာကို သက်သာစေတဲ့ အစွမ်းတွေ၊ ပိုးသေစေတဲ့ သတ္တိတွေ အများကြီး ရှိပါတယ်။

နောက်ဆုံးလေ့လာချက်တွေအရတော့ ပင်စိမ်းရွက်က အူလမ်းကြောင်း မူမမှန်တဲ့ရောဂါ (irritable bowel syndrome)ကို သက်သာစေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်မှာ အစာမကြေတာ၊ ပျို့အန်တာ၊ ဗိုက်ရစ်တာ ဖြစ်လာပြီဆိုရင် ပင်စိမ်း လက်ဖက်ရည်ကြမ်းလေး စမ်းသောက်ကြည့်နိုင်ပါတယ်။

• ချင်းလက်ဖက်ရည်ကြမ်း

ပူရှိန်းရှိန်း စပ်တပ်တပ် ချင်းတက်လေးမှာ ဓာတ်တိုးဆန့်ကျင်သတ္တိအပါအဝင် တခြားသော ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။ သူဟာ ရောင်ရမ်းမှုကို သက်သာစေပြီး ခုခံအားကို တက်စေပါတယ်။ ပျို့အန်တာကို သက်သာစေတဲ့ နေရာမှာတော့ ဆရာတစ်ဆူပါပဲ။
ဒါကြောင့် ကားမူးတာက စလို့ ကိုယ်ဝန်လနုချိန်မှာ ပျို့တာအလယ် ကင်ဆာဆေးတွေကြောင့် ပျို့အန်တာာအထိ သုံးလို့ရပါတယ်။ ဒါ့ပြင် အစာအိမ်အနာ၊ ဝမ်းချုပ်တာနဲ့ အစာမကြေတာတွေကို သက်သာစေတဲ့အပြင် အမျိုးသမီးတွေ ရာသီချိန်မှာ ကိုက်ခဲတာကိုလည်း သက်သာစေပါတယ်တဲ့။

• ခေါင်ရန်း လက်ဖက်ရည်ကြမ်း

ခေါင်ရန်းပန်းတွေနဲ့ စိမ်ထားတဲ့ ရေနွေးကြမ်းဖြစ်ဖြစ်၊ အအေးဖျော်ထားတာ ဖြစ်ဖြစ် သောက်ပေးတာက စိတ်ကိုကြည်စေပါတယ်။ သူရဲ့ အဓိက ကောင်းကျိုးကတော့ သွေးတိုးကျစေတာပဲ ဖြစ်ပါတယ်။

လေ့လာချက်တွေကတော့ ဆက်လုပ်ရဦးမှာပါ။ ဒါပေမယ့် သတိထားရမှာက သူ့ကို hydrochlorothiazideလို့ ခေါ်တဲ့ ဆီးဆေးနဲ့ တွဲမသောက်သင့်ပါဘူး။ နှစ်ခုပေါင်းပြီး ဓာတ်ပြုတတ်ပါတယ်။ နောက်ပြီး အက်စပရင်နဲ့ တွဲမသောက်ပါနဲ့။ အနည်းဆုံး ၃-၄နာရီ လောက်တော့ ခြားပြီးသောက်ပေးပါ။

• ဆေးပြောင်းပန်း လက်ဖက်ရည်ကြမ်း

ဆေးပြောင်းပန်းရဲ့ နာမည်ကြီး အစွမ်းကတော့ အအေးမိတာကို ကာကွယ်ပေးပြီး ဖြစ်လာရင်လည်း အချိန်တိုတိုနဲ့ သက်သာစေတာပါပဲ။ လေ့လာချက်တွေအရ ဆေးပြောင်းပန်းပင်က ခုခံအားကို တက်စေတဲ့အတွက် ရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်တဲ့။ လေ့လာမှုတွေ ထပ်လုပ်ရဦးမယ်ဆိုပေမယ့် အနည်းဆုံးတော့ ရေနွေးကြမ်း နွေးနွေးလေးက လည်ပင်းနာတာကို သက်သာစေပြီး နှာပွင့်စေတာတော့ အမှန်ပါပဲ။

• လက်ဖက်နီ ရေနွေးကြမ်း

လက်ဖက်နီနဲ့ ပတ်သတ်လို့ သူက အရိုးတွေကို သန်မာစေပြီး နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ လက်ဖက်နီကို ၆ပတ် ဆက်တိုက်သောက်ပေးတာက သွေးထဲက မကောင်းတဲ့ LDL ကိုလက်စထရောတွေကို ကျစေပြီး ကောင်းတဲ့ HDL ကိုလက်စထရောတွေကို တက်စေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပိုပြီးသေချာအောင် လေ့လာမှုတွေ ထပ်ပြီး လုပ်ရဦးမှာပါ။

• ကလျာဏီပင် ရေနွေးကြမ်း

ကလျာဏီနဲ့ ပတ်သတ်ပြီး ပါးစပ်ပြော ကျန်းမာရေးကောင်းကျိုးတွေ ရှိနေပေမယ့် ခုတော့ သိပ္ပံနည်းကျ လေ့လာချက်တွေ လုပ်လာကြပါပြီ။ ကလျာဏီပင်ဟာ လူကြီးတွေမှာ မှတ်ဉာဏ်ချို့ယွင်းမှုကို သက်သာစေတယ်လို့ ဆိုကြပါတယ်။ ဒါ့ပြင် အူမကြီးကို ကျန်းမာစေခြင်း၊ နှလုံးရောဂါကို ကာကွယ်ပေးခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရှိနေပါတယ်။

• သံပရိုသီး ရေနွေးကြမ်း

သံပရိုသီးဟာလည်း သံပရာသီးလိုပဲ စိတ်ကိုကြည်လင်စေပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ လေ့လာချက်တွေအရ သံပရိုသီး ရေနွေးကြမ်းသောက်သုံးတဲ့သူတွေဟာ အသားအရေကြည်လင်လာပါတယ်တဲ့။ စိတ်ဖိစီးမှုသက်သာပြီး ဓာတ်တိုးဆန့်ကျင်သတ္တိတွေလည်း ရှိပါတယ်တဲ့။ ထပ်ပြီး လေ့လာရဦးမယ်ဆိုပေမယ့် နှလုံးကိုပါ ကျန်းမာစေတယ်လို့ ဆိုကြပါတယ်။

• Rose hip ရေနွေးကြမ်း

Rose hipဆိုတာ နှင်းဆီပင်တစ်မျိုးရဲ့ အသီးပါတဲ့။ ဗီတာမင်စီနဲ့ တခြားကောင်းကျိုးပြု ဒြပ်ပေါင်းတွေ ပါဝင်တဲ့ ဒီအသီးဟာ ရောင်ရမ်းတာကို သက်သာစေပါတယ်။ ဒါကြောင့် အဆစ်အမြစ်နာရောဂါနဲ့ လေးဖက်နာရောဂါတွေ ကုသတဲ့နေရာတဲ့နေရာမှာ သုံးဖို့ ပညာရှင်တွေ လေ့လာနေကြပါတယ်။

ဒါ့ပြင် လူ၃၂ယောက်ကို Rose hip ရေနွေးကြမ်း ၁၂ပတ်သောက်ပြီး စမ်းသပ်ကြည့်တဲ့အခါ ဝမ်းဗိုက်က အဆီတွေ ကျသွားပါတယ်တဲ့။ နောက်ပြီး ဓာတ်တိုးဆန့်ကျင်သတ္တိရှိတာကြောင့် အရေပြားကို တင်းရင်းစေပြီး အစိုဓာတ်ကို ထိန်းပေးပါတယ်တဲ့။

• ပင်မှည့်သီးပွင့် ရေနွေးကြမ်း

ပင်မှည့်သီးပွင့်လေးတွေကို ဟိုးအရင်ကတည်းက အိပ်ပျော်စေဖို့အတွက် ရေနွေးကြမ်းအနေနဲ့ သောက်ခဲ့ကြပါတယ်။ ဒါဟာ တကယ်ပဲလားဆိုတာကို ပညာရှင်တွေ စလေ့လာနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ညဘက် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ ပင်မှည့်သီးပွင့်လေးတွေကို လက်ဖက်ခြောက် ခပ်သောက်ကြည့်တာ မမှားပါဘူးနော်။

Credit Hello Health Group

သစ်ကြားသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon

အညိုရောင် အခွံမာမာလေး အောက်က အဆီပြည့်ပြည့်လေးနဲ့ ဦးနှောက်နဲ့ ပုံသဏ္ဍာန်တူတဲ့ သစ်ကြားသီး စားရတာကို သဘောကျတဲ့ သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ သစ်ကြားသီးစားရင်း ဘယ်လို အကျိုးကျေးဇူးလေးတွေ ရရှိနေလဲ ဆိုတာကို သိဖို့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

သွေးတွင်း ကိုလက်စထရော ကျဆင်းစေတယ်

သစ်ကြားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ polyphenol၊ ဗီတာမင် E တို့ ပါဝင်နေတာကြောင့် သွေးတွင်းက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရော ပမာဏကို တိုးစေနိုင်ပါတယ်။

နှလုံး ကျန်းမာစေတယ်

သစ်ကြားသီးမှာ alpha-linolenic acid (ALA) လို့ ခေါ်တဲ့ အပင်ကနေရတဲ့ Omega-3 fatty acid တစ်မျိုး ပါဝင်နေတာကြောင့် သွေးကြောတွေ ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေတာကြောင့် နှလုံး ကျန်းမာစေပါတယ်။
လေ့လာမှု ရလဒ်တွေအရ သစ်ကြားသီး စားသုံးပေးတာက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်။ လို့ သိရပါတယ်။

ရောင်ရမ်းမှုကို လျော့ကျစေတယ်

သစ်ကြားသီးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်မှာ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။

ဒါတင်မကသေးပါဘူး။ ဓာတ်တိုးပစ္စည်းတွေကြောင့် ဖြစ်နိုင်တဲ့ အမျိုးအစား (၂) ဆီးချို၊ သွေးတိုးရောဂါ နဲ့ နှလုံးရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

သစ်ကြားသီးမှာ အစာခြေစနစ် တလျှောက်မှာ ရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို အာဟာရ ဖြည့်ပေးနိုင်တဲ့ အာဟာရတွေ ပါဝင်နေတာကြောင့် သင့်ကိုယ်ရော သင့် အစာခြေစနစ်က အကျိုးပြု ဘက်တီးရီးယားတွေကိုပါ ကျန်းမာစေပြီး အစာခြေစနစ်ကို အကောင်းဆုံး

အားဖြည့်ပေးမှာပါ။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
သစ်ကြားသီးက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ နဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အကြောင်းကတော့ သစ်ကြားသီးမှာ polyphenol ellagitannins ကြွယ်ဝတာကြောင့်ပါ။

သစ်ကြားသီး စားသုံးပေးတာက ဟော်မုန်းကြောင့်ဖြစ်တဲ့ ကင်ဆာတွေကို ကာကွယ်ရာရောက်ပါတယ်။

ဆီးချို ကာကွယ်ပေးတယ်

သစ်ကြားသီးက အမျိုးအစား (၂) ဆီးချို ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ သစ်ကြားသီးကို နေ့စဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲလောက် စားသုံးပေးတာက အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၄၇ ရာခိုင်နှုန်း အထိလျှော့ချပေးနိုင်ပါတယ်။
ဆီးချိုရောဂါ ခံစားနေရသူတွေ အနေနဲ့လည်း သစ်ကြားသီး စားသုံးပေးမယ်ဆိုရင် ဆီးချိုကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်မှာပါ။

သိမြင်မှု စွမ်းရည် တိုးစေတယ်

သစ်ကြားသီးမှာ micronutrients၊ phytosterols၊ linoleic acid နဲ့ polyphenolics တို့ ပါဝင်နေတာကြောင့် သိမြင်မှု စွမ်းရည်ကို တိုးစေနိုင်ပါတယ်။ သစ်ကြားသီးပုံမှန်စားသုံးပေးတာက လှုပ်ရှားနိုင်မှု စွမ်းရည်၊ မှတ်မိနိုင်စွမ်းနဲ့ သိမြင်မှု စွမ်းရည်တွေကိုပါ တိုးစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

Credit: Hello Health Group

ပျားရည် ကပေးတဲ့ အသားအရေ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon

ပျားရည်က ဆေးဖက်ဝင်တယ်ဆိုတာကို ထွေထွေထူးထူးမပြောလည်း အများက လက်ခံထားပြီးသားပါ။ စားလိုက်ရင် ချိုချိုလေးနဲ့ အရသာရှိတဲ့ ပျားရည်လေးက ကျန်းမာရေး အာနိသင်ကြွယ်သလို အသားအရေကိုလည်း အများကြီး အထောက်အပံ့ပေးပါတယ်။ ခုတစ်ခေါက်တော့ ပျားရည်က အသားအရေ ကျန်းမာရေးကို ဘယ်လိုမျိုး ထောက်ပံ့ပေးသလဲဆိုတာ ကြည့်လိုက်ရအောင်လား။

ပျားရည် ကပေးတဲ့ အသားအရေ လှပမှု

ချိုချိုလေးနဲ့ အရသာရှိတဲ့ ပျားရည်က အရေပြားပေါ်မှာ လိမ်းပေးမယ်ဆိုရင်

• ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တယ်

ပျားရည်ကို အဓိက အသုံးပြုခဲ့ကြတာက အရေပြားပေါ်က ပိုးမွှားတွေကို တိုက်ဖျက်ဖို့ပါ။ အရေပြားပေါ်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားများစွာ ရှိနေပြီး ဒီဘက်တီးရီးယားတွေက အရေပြားရောဂါ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရေပြားမှာ ပိုးဝင်ကူးစက်တာမျိုး သက်သာစေဖို့ဆိုရင် ပျားရည်ကို သုံးပေးလို့ရပါတယ်။

• အနာကျက် စေနိုင်တယ်

ထိခိုက်မှုတစ်ခုခုဖြစ်တယ် လိမ်းစရာဆေးတစ်ခုခု မရှိဘူးဆိုရင် အနာကို သေချာ စင်ကြယ်အောင်ဆေးလို့ ပျားရည်လေး ခပ်ပါးပါး လိမ်းထားပေးလိုက်ပါ။ ပိုးမဝင်အောင် ကာကွယ်ပေးသလို အနာကျက်မြန်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။

• အရောင်ကျ စေနိုင်တယ်

ပျားရည်က အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ဝက်ခြံ၊ နှင်းခူတို့လိုမျိုး အရေပြားမှာ ရောင်ရမ်းစေနိုင်တဲ့ အရေပြား ပြဿနာတွေအတွက် အသုံးပြုပေးလို့ရပါတယ်။ ထိခိုက်မိတာ တစ်ခုခုကြောင့် ရောင်ရမ်းတာကို သက်သာစေဖို့လည်း ပျားရည်ကို အသုံးပြုပေးလို့ရပါတယ်။

• အရွယ်တင် စေနိုင်တယ်

ပျားရည်က အရေပြားကို ကျန်းမာစေနိုင်ပါတယ်။ နေ့စဉ် သေချာ သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ပျားရည်လိမ်းပေးမယ်ဆိုရင် အရေးအကြောင်းဖြစ်တာတွေကို သက်သာစေနိုင်ပြီး အရွယ်တင်စေနိုင်မှာပါ။ အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။

• ဝက်ခြံ သက်သာစေနိုင်တယ်

ပျားရည်က ဝက်ခြံသက်သာစေမယ့် သဘာဝ ကုထုံးတစ်ခုပါ။ ပျားရည်လိမ်းတာက ဝက်ခြံကြောင့်ဖြစ်တဲ့ အရေပြား နီမြန်းတာ၊ ရောင်ရမ်းတာတွကို သက်သာစေနိုင်သလို ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အထိရောက်ဆုံး တိုက်ဖျက်ပေးနိုင်မှာပါ။
ဝက်ခြံရှိနေမယ်ဆိုရင် သန့်စင်ထားတဲ့ မျက်နှာပေါ်မှာ ပျားရည် ခပ်ပါးပါးလိမ်းလို့ ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

• အပူလောင်တာကို သက်သာစေနိုင်တယ်

ပျားရည်က အရောင်ကျစေနိုင်သလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အစိုဓာတ် ထိန်းပေးနိုင်တာကြောင့် အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး ချောမွေ့စေပါတယ်။ အပူလောင်တဲ့အခါ ဒဏ်ရာကို ရေနဲ့ သန့်စင်အောင် ဆေးကြောပြီးတာနဲ့ ပျားရည် ခပ်ပါးပါးလေး လိမ်းပေးရုံပါ။

• နေလောင်တာကို သက်သာစေတယ်

အရေပြားမှာ နေလောင်တာကို သက်သာစေဖို့ အတွက်လည်း ပျားရည်ကို လိမ်းပေးလို့ရပါတယ်။ နေလောင်တဲ့အခါ နေလောင်တဲ့နေရာကို ပျားရည် ခပ်ပါးပါး လိမ်းပေးရုံပါ။

• အရေပြား ကင်ဆာကို ကာကွယ်ပေးနိုင်တယ်

ပျားရည်က အရေပြား ကင်ဆာ အပါအဝင် အခြားသော ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်က ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အရေပြားကင်ဆာအပါအဝင် ကင်ဆာတွေကို ကာကွယ်ဖို့အတွက် ပျားရည်ကို ဆေးဖြစ်ဝါးဖြစ် စားသုံးပေးလို့ရပါတယ်။

• အမာရွတ် သက်သာစေနိုင်တယ်

အမာရွတ်တွေရှိနေမယ်ဆိုရင် အမာရွတ်ပါးသွားစေဖို့ ဆေးအမျိုးမျိုး လိမ်းနေမယ့်အစား ပျားရည်ကိုသာ မှန်မှန်လိမ်းပေးပါ။ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်တဲ့ ပျားရည်က ထိခိုက်ပျက်စီးသွားတဲ့ အရေပြားတစ်ရှူးတွေကို အားဖြည့်ပေးပြီး အမာရွတ်ပါးစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အမာရွတ်နေရာကို နေ့စဉ်မှန်မှန် ပျားရည် ခပ်ပါးပါးလေး လိမ်းရုံပါ။

• နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်တယ်

နှုတ်ခမ်းကွဲတဲ့အခါ နှုတ်ခမ်းသားပေါ်ကို ပျားရည်လိမ်းပေးပြီး ၁၀ မိနစ် ကနေ ၁၅ မိနစ်အထိထားလို့ ရေအေးအေးလေးနဲ့ ဆေးချပေးလိုက်ပါ။ ဒီလို လုပ်ပေးတာက နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်မှာပါ။

Credit : Hello Health Group

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar | ရေးသားသူ Dr. Thiha Phyo Myint

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း

green tea ဟာ အရသာထူးကဲကောင်းမွန်တဲ့အပြင် အကျိုးကျေးဇူးတွေလည်း များစွာ ပေးနိုင်တဲ့အတွက် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက လူကြိုက်များ ထင်ရှားခဲ့တာပါ။

green tea ရဲ့ သင်မသိလောက်သေးတဲ့ အဓိကကောင်းကျိုးအချို့ကို ဒီဆောင်းပါးလေးမှာ ဝေမျှပေးထားပါတယ်။
ကိုယ်ခံအားကို မြင့်မားစေတယ်။

green tea ကို နေ့စဉ်မှန်မှန်သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေနဲ့ယှဉ်ရင် (သာမန်ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့) ဖျားတာနာတာမျိုး ဖြစ်ခဲတယ်လို့ လေ့လာချက်အမျိုးမျိုးအရ သိရှိရတဲ့အတွက် green tea ဟာ သင့်ရဲ့ ကိုယ်ခံအားကို မျှင့်တင်ပေးနိုင်တယ်ဆိုတာ အင်မတန်သိသာထင်ရှားနေပါတယ်။

ဒါဟာ catechins လို့ခေါ်တဲ့ ဒြပ်ပေါင်းတမျိုးကြောင့်ဖြစ်ပြီး အဆိုပါ ဒြပ်ပေါင်းဟာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဆဲလ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် catechins ဟာ ဘက်တီးရီးယားတွေကနေ ထုတ်လုပ်တဲ့ အဆိပ်အတောက်တွေကိုလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်။

ဘက်တီးရီးယားကြောင့်သာမက အခြားသော ပိုးမွှားနဲ့ မှိုစွဲကပ်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေ (ဥပမာ ခံတွင်းနံ့နံခြင်း၊ဝမ်းကိုက်ခြင်း၊အစာမကြေခြင်း၊ဝမ်းလျှောခြင်း၊အူရောင်ခြင်း၊သွားပိုးစားခြင်း၊တုပ်ကွေးဖျားခြင်း၊အအေးမိချောင်းဆိုးခြင်း စသည်)ကိုပါ ကာကွယ်တားဆီးပေးနိုင်ပါတယ်။
ဒန္တသုခရရှိမယ်။

green tea ကနေ ပေးနိုင်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ တစ်ရှူးတွေနဲ့ ကြွက်သားတွေကို ညှစ်စေ၊ကျုံ့စေတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကျုံ့စေတဲ့အတွက် ကြွက်သားနဲ့ အရေပြားတွေဟာ တင်းရင်းကျစ်လျစ်လာပါတယ်။
ဒါကြောင့် သင့်အနေနဲ့ green tea ကို မကြိုက်လို့ မသောက်ဖူးဆိုရင်တောင် green tea နဲ့ နေ့စဉ်အာလုပ်ကျင်းပေးခြင်းအားဖြင့် သင့်သွားဖုံးတွေကို ကောင်းစွာ ကျုံ့စေတဲ့အတွက် သွားတွေပိုခိုင်လာမှာပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် သွားတွေနဲ့တာ၊ကျွတ်တာမျိုးတွေ အများကြီးလျော့နည်းသွားမှာပါ။

ကင်ဆာ ရန်ကနေ ကာကွယ်ပေးနိုင်မယ်။

free radicals တွေဟာ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့အပြင် အချို့သော ကင်ဆာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
green tea မှာ ပါဝင်တဲ့ catechins ဓါတ်တွေဟာ အဆိုပါ အန္တရာယ်ရှိတဲ့ free radicals တွေကို ဓါတ်ပြယ်စေနိုင်တာပြီး nitrosamines (ယမ်းစိမ်း) ကဲ့သို့သော ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေဖြစ်ပေါ်ခြင်းကို တားဆီးစေနိုင်တာမို့ ကင်ဆာဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါလိမ့်မယ်။

အခုဆိုရင် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဆရာဝန်နဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေဟာ Green tea ကို သောက်သုံးဖို့ လူနာတွေကို ညွှန်ကြားနေကြပါပြီ။Green tea ဟာ ကင်ဆာကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ အိမ်တွင်းဆေးဝါးတမျိုးပဲ ဖြစ်ပါတယ် (အထူးသဖြင့် ပန်ကရိယကင်ဆာ၊အူမကြီးကင်ဆာ ဖြစ်နိုင်ချေများသူတွေမှာပေါ့)။
ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တယ်။

Green tea မှာ alkaline ဓါတ်ပြည့်ဝစွာ ပါဝင်တာမို့ ကိုလက်စထရော ပမာဏကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။
နှလုံးနဲ့ သွေးကြောတွေအတွက် ကောင်းတယ်။

သွေးပျစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်ပစ္စည်းအမျိုးမျိုးပါဝင်တဲ့ Green tea ဟာ သွေးကြောကျဉ်းခြင်း၊သွေးခဲခြင်း တို့ကို ကာကွယ်ပေးနိုင်သလို လေဖြတ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဆီးချိုကိုလည်း ကာကွယ်ပေးနိုင်တယ်။

တကယ်လို့ သင်ဟာ လက်ဖက်ရည် သောက်တဲ့အခါ သကြားတွေ၊နို့ဆီတွေ ထည့်သောက်လေ့မရှိဖူးဆိုရင် ဒါဟာ သတင်းကောင်းပါ။ ဘာလို့လဲဆိုတော့ green tea ဟာ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

အတိအကျပြောရရင် အယ်လ်ကာလီ ဓါတ်သဘာဝရှိတဲ့ green tea ဟာ သွေးတွင်းသကြားဓါတ်ကို လျှော့ချပေးနိုင်လို့ပါ။
ဒါ့အပြင် green tea ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ တစ်ရှူးတွေကို ကျုံ့စေ၊ညှစ်စေတဲ့ ဂုဏ်သတ္တိက သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး ပန်ကရိယရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အားပေးကူညီပါသေးတယ်။

ဆိုလိုတာက ပန်ကရိယကောင်းစွာ အလုပ်လုပ်နိုင်တာနဲ့အမျှ အင်ဆူလင်ဓါတ်ထုတ်လုပ်မှုဟာ ပိုမိုကောင်းမွန်အကျိုးရှိလာမှာဖြစ်ပြီး သွေးတွင်းသကြားဓါတ်တွေကို လိုသလို ထိန်းညှိလာနိုင်မှာဖြစ်တာမို့ ဆီးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
green tea ဟာ ကောင်းကျိုးများစွာကို သယ်ဆောင်လာပေးတဲ့အတွက် သင့်အနေနဲ့ ၎င်းကို ပုံမှန်သောက်သုံးသင့်တဲ့အပြင် နေ့စဉ်စားသုံးမှုမှာပါ ထည့်သွင်းထားသင့်ပါကြောင်း။

credit: Hello Health Group